မန္တလေးတက္ကသိုလ်၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၂၄

မန္တလေးတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နေ့နံနက်ပိုင်းက အင်းဝ (၉) ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်တန်းကျောင်းသား၊ ကျောင်းသူများက "မြကျွန်းညိုညို” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး မန္တလေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာကြီးဒေါက်တာတင်ထွန်းက တက်ရောက်လာကြသော မောင်မယ်သစ်လွင်များကို နွေးထွေးလှိုက်လှဲစွာကြိုဆိုကြောင်း နှုတ်ခွန်းဆက်စကား မြွက်ကြားခြင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ စီမံဌာနမှူးများနှင့် မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် ဘွဲ့ကြို၊ ဘွဲ့လွန်တန်း ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် ASEAN University Games (AUG) အားကစားပြိုင်ပွဲ၊ ပီတန်းအားကစားပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၉) ဦးနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မီတာ (၄၀၀) အပြေးပြိုင်ပွဲဝင် ကျောင်းသူ (၁) ဦးတို့အား ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် (၂ဝ၂၄ တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအား မန္တလေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာကြီးဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ စီမံဌာနမှူးများနှင့် ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း