ချောင်းဆုံ ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဥယျာဉ်ခြံစိုက်ပျိုးကာ အသက်မွေးကြသူများ၌ ရွှေဖြူလို့တင်စားကာ ခေါ်ဆိုကြသည့် ရောဘာကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ကြသည့် ဥယျာဉ်ခြံစိုက်ပျိုးသူများအနေဖြင့် ယခုနှစ် ရောဘာထွက်ချိန်တွင် ဈေးကောင်းရရှိနေသည့် အတွက် ခြံရှင်များနှင့် ရောဘာခြစ်သူများ ထွက်ခြေကိုက်အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရောဘာအစေးခြစ်တဲ့လုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလမှ စတင်ဆောင်ရွက်ကြပြီး ခြံရှင်များအနေဖြင့် ရောဘာအစေးခြစ်သူများနှင့် အကျိုးအမြတ်အချိုးချခွဲဝေကာ လုပ်ကိုင် သူများရှိသလို၊ လခဖြင့် အစေးခြစ်သူများလည်းရှိကြောင်း၊ ယခုနှစ် ရောဘာထွက်ချိန်တွင် ရောဘာပြားအမျိုးအစားအလိုက် ရောဘာဈေး တစ်ပေါင်လျှင် (၂၇၀၀)ကျပ် မှ (၃၀၀၀)ကျပ် အထိ ရရှိနေသည့်အတွက် တစ်ပိုင်တစ်နိုင်ရောဘာခြံရှင်များနှင့် အစေးခြစ်လုပ်ကိုင်သူများ အဆင်ပြေတဲ့နှစ်လို့ ကရင်ဝင်းစိန်ကျေးရွာမှ အစေးခြစ်လုပ်ငန်းလုပ်ကိုင်သူက ပြောသည်။
ရောဘာပင် အကိုင်းဆက်ပင်များကို တစ်ဧကလျင် အပင်(၂၅၀)မှ အပင်(၃၂၀)အထိ စိုက်ပျိုးကြကာ စိုက်ပျိုးချိန်မှစ၍ (၅)နှစ်မှ (၆)နှစ်အတွင်း အစေးထုတ်ယူနိုင်ပြီးဖြစ်ကြောင်း ရောဘာပင် တစ်ဧကလျှင် ရောဘာအစေးပြား (၁၀)ပေါင်မှ (၁၅)ပေါင်အထိ ထွက်ရှိကြောင်း တစ်ချို့ခြံရှင်များမှာ ရောဘာအစေးရည်အတိုင်းရောင်းချကြပြီး အစေးပြားပြုလုပ်ရောင်းချသူ ပိုများကြောင်း၊ ရောဘာပြားများကို ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ် ရောဘာအဝယ်ဒိုင်များမှ အများဆုံးလာရောက်ဝယ်ယူကြကြောင်း ရောဘာပင်(၅)ဧက စိုက်ပျိုးထားသူ ခြံရှင်တစ်ဦး ကပြောသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ရောဘာစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မြို့နယ်အတွင်း ရောဘာစိုက်ပျိုး ထားရှိမှု စုစုပေါင်း (၅၉၂၆) ဧကရှိပြီး ရောဘာအစေးထုတ်ယူမှုကို (၅၁၉၀)ဧက ဆောင်ရွက် လျက်ရှိကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာတစ်လအတွင်း ရောဘာထုတ်လုပ်မှု (၁၄၄၂၈၂၀) ပေါင် ထုတ်ယူနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)