မိတ္ထီလာ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ မိတ္ထီလာတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများက လှမ်းခဲ့ပါအဆွေထီလာတက္ကသိုလ်မြေ သီချင်းဖြင့်လည်းကောင်း၊ ပုဂံလမ်းကစောင့်နေမယ်၊ တို့သတိရနေမှာပါ သီချင်းများဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြသည်။ ဆက်လက်၍ မိတ္ထီလာတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာဌာနမှူးများနှင့် ကျောင်းသူကျောင်းသားများအား မိတ်ဆက်ပြီးနောက် ပါမောက္ခချုပ်ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းသောင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး၊ သိပ္ပံဘာသာရပ်ဆိုင်ရာနှင့် ဝိဇ္ဇာဘာသာရပ်ဆိုင်ရာတို့အကြောင်း သိကောင်းစရာများနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ကြိုဆိုနှုတ်ခွန်းဆက်စကားများကို ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဉာဏ်ဝင်းနှင့် ပထဝီဝင်ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာတင်တင်ဖြိုးတို့ကလည်းကောင်း၊ သင်တန်းရေးရာဆိုင်ရာများအကြောင်း သိကောင်းစရာများကို သင်တန်းရေးရာဌာနမှူး ဒေါ်စန်းစန်းညွန့်ကလည်းကောင်း အသီးသီးပြောကြားပြီး ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသားများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချမ်းသာ