မုဒုံ ဒီဇင်ဘာ ၂၄
မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ် ရေသွင်းစိုက်ပျိုးနည်းများဖြင့် နွေစပါး ဧက ၁၀၀၀ ကို စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးမှုအဆင်ပြေစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကွက် ဧက ၃၀၀၊ တင်း ၁၂၀ စံပြကွက်နှင့် စမ်းသပ်စံပြကွက်များ စိုက်ပျိုးကြမည့် ကျေးရွာများသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များပံ့ပိုးပေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်သွင်းအားစု ဓာတ်မြေသြဇာများ ဖြန့်ဖြူပေးခြင်းနှင့် နွေစပါးများကို ယခုနှစ် ဒီဇင်ဘာ (ဒုတိယပတ်)မှစ၍ စတင်စိုက်ပျိုးလျက်ရှိသည်။
ထို့အပြင် မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်းကာ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းစေရေး၊ သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရေး၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွက်တွင် မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်းနှင့် စိုက်ပျိုးမှုနည်းပညာပေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)