အင်းစိန် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်သတင်းစာဆရာအသင်း မြို့နယ်စုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းတို့က အမှာစကားများပြောကြားပြီး မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌဦးဘိုကြည်(ဒေါက်တာဗိုလ္သံမဏိ-တောင်တွင်းကြီး)က ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့၏ လမ်းညွှန်ချက်အရ ယခုလိုမြို့နယ်သတင်းစာဆရာအသင်း စုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိမှာမြို့နယ်သတင်းစာဆရာအသင်းတွင် (၃)နှစ်သက်တမ်း နှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ နောက်မျိုးဆက်သစ်များကို လွှဲပြောင်းတာဝန်ပေးအပ်ကာ အသင်းနာယကအဖြစ် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ရွေးချယ်ခံရသော အမှုဆောင်သစ်များအနေဖြင့် အသင်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတုတ္ထမဏ္ဏိုင်အဖြစ် ခိုင်မာစွာရပ်တည်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် အမှုဆောင်သစ်ရွေးချယ်ပွဲတွင် အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းသတင်းစာ ဆရာအသင်း-အမှုဆောင် မောင်ရွှေမန်း(အင်းစိန်)ကဆောင်ရွက်၍ ဦးသက်တင် (မောင်သာတင့်-မြန်အောင်)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြို့နယ်သတင်းစာဆရာအသင်း ပြန်လည်ရွေးချယ်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌဦးမြင့်ဦး(မြင့်ဦး-အင်းစိန်)၊ ဒုတိယဥက္ကဋ္ဌဦးမင်းခိုင်(ဖိုးတုတ်)၊ အတွင်းရေးမှူးဦးစိုးဝင်းမောင်(ရွှေတိုက်စိုး)၊ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်အေး၊ ဘဏ္ဏာရေးမှူးဦးမင်းမင်းဇော်(မင်းမင်း-အင်းစိန်)၊ စာရင်းစစ်ကိုဖြိုးစည်သူ(အင်းစိန်)အမှုဆောင်များအဖြစ် ဒေါ်အေးအေးသင်း(ရွှေဘုတ်-အင်းစိန်)နှင့် ဦးဇွဲထက်ကိုတို့ကို ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ခံရသော အမှုဆောင်သစ်များကို တိုင်းသတင်းစာဆရာအသင်း၊ အမှုဆောင်ပြန်ကြားရေးမှူးဦးခင်မောင်သော်က သတင်းစာဆရာအသင်း ကတိသစ္စာပြုချက်ကို တိုင်ပေးကာ အသင်းအမှုဆောင်သစ်ဥက္ကဋ္ဌ ဦးမြင့်ဦး (မြင့်ဦး-အင်းစိန်)က နိဂုံးချုပ်မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)