မိုင်းခတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ဖြင့် မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတွင် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ မြို့နယ်ပညာရေးမှူးဦးလှမင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် ရပ်မိရပ်ဖ ဦးမြင့်ဝေတို့က စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီးမြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာကြည့်တိုက်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားကာ ရပ်မိရပ်ဖ ဦးမြင့်ဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်တာဝန်ခံ ဦးဆန်ဒါးက လက်ခံရယူပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက စာကြည့်တိုက်အတွင်း ကလေးများ စာပေဖတ်ရှုလေ့လာမှုကို ကြည့်ရှုအားပေးကာ ကလေးများအား အချိုရည်နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
နန်းနွယ်နီ(ပြန်/ဆက်)