တာချီလိတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ဝမ်ကောင်းမြို့မဈေးအတွင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်းက မီးသတ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုများအား လက်တွေ့သရုပ်ပြသကာ ဆီမီးငြှိမ်းသတ်ခြင်း၊ ဂက်စ်အိုးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်၊ မီးသတ်စက်များဖြင့် ရေပက်ဖျန်းကာ ဈေးမီးငြိမ်းသတ်မှုများကို စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ မင်းခေတ်သစ်ကုမ္ပဏီဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများမှ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)