မူဆယ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်၊ မေတ္တာတော်စံအိမ် မိဘမဲ့ဂေဟာ (၃) ထပ်အဆောက်အဦအသစ် လွှဲပြောင်းလှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်သည်။
ဦးစွာ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးက မိဘမဲ့ဂေဟာမှာ အဆောက်အဦလိုအပ်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၃) ထပ်ဆောင် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ မေတ္တာတော်စံအိမ်မိဘမဲ့ဂေဟာတစ်ခုတည်းသာမကပဲ အခြားသောပရဟိတဂေဟာများကိုလည်း လိုအပ်သည်များကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မိဘမဲ့ကလေးငယ်များ အစစအရာရာအဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရခြင်းအတွက် ဝမ်းသာပိတီဖြစ်ရကြောင်း အဖွင့်အမှာအစကားပြောကြားသည်။ ထို့နောက် မိဘမဲ့ဂေဟာ (၃) ထပ်ဆောင် အဆောက်အဦးသစ်အား လွှဲပြောင်းပေးအပ်ခြင်းနှင့် ခရစ္စမတ်လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။
ဆက်လက်ပြီး မိဘမဲ့ဂေဟာအတွက် လိုအပ်လျက်ရှိသည့် နှစ်ထပ်ကုတင်၊ စောင်၊ ခေါင်းအုံး၊ အဝတ်အထည်များအား အလှူရှင်များကပေးအပ်လှူဒါန်းသည်။ ထို့နောက် မေတ္တာတော်စံအိမ်မိဘမဲ့ဂေဟာ တာဝန်ခံဆရာမအားနန်က မိဘမဲ့ဂေဟာအတွက် (၃)ထပ်ဆောင် ဆောင်လုပ်လှူဒါန်းပေးခြင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ မေတ္တာတော်စံအိမ်မိဘမဲ့ဂေဟာ (၃) ထပ်ဆောင်အား တန်ဖိုးငွေကျပ်သိန်းသုံးထောင် ငါးရာတိတိ အကုန်ကျခံ၍ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)