တပ်ကုန်း ဒီဇင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီး၌ နေပြည်တော် ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် လှည့်လည်အောင်ပွဲခံလျက်ရှိရာ ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ အောင်ပွဲခံခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တပ်ကုန်းမြို့သို့ လာရောက်၍ အောင်ပွဲခံလျက်ရှိသည်။
အဆိုပါအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းဦး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ကိုယ်စားပြု ဘောလုံးအားကစားသမား (၁၈) ဦး၊ ခရစ်ကက်အားကစားသမား (၁၅) ဦး၊ ဂေါက်သီးရိုက်အားကစားသမား (၄) ဦး၊ ဝူရှုး အားကစားသမား (၂) ဦး၊ အလေးမအားကစားသမား (၁) ဦး၊ ပြေးခုန်ပစ် အားကစားသမား (၁) ဦးတို့ကို တပ်ကုန်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် ဝဲ/ယာ ကျေးရွာပြည်သူများ ကြိုဆိုနှုတ်ဆက် ပန်းကုံးစွပ်၍လည်းကောင်း၊ မြို့အတွင်း လမ်းဘေးဝဲ/ယာ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုနှုတ်ဆက်ပန်းကုံးစွပ် ချီးမြှင့်ခဲ့ပြီးနောက် ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်တွင် နေ့လယ်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရပြီး၊ ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်သို့ ပြန်လည်ထွက်သွားကြောင်း သိရသည်။
တင်စိုးလွင်