စစ်တွေ ဒီဇင်ဘာ ၂၄
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က အနီးကပ်ကြီးကြပ်ကာ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်း များကိုဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများ ကိုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ခိုင်သဇင်ခန်းမတို့တွင် အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ခရစ္စမတ်အကြို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရစ္စမတ်ပွဲတော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လူသားများကို အပြစ်တရားမှလွတ်မြောက်ပြီး ထာဝရအလင်း ကယ်တင်ခြင်းရရှိရန် ထာဝရဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည့် သခင်ယေရှု၏ မွေးနေ့ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ခရစ်တော်၏မွေးနေ့ ခရစ္စမတ်ပွဲ တော်သည် ခရစ်ယာန်ဘာသာဝင်တို့၏ စိတ်နှလုံးသား ထဲတွင် ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းတို့ကို ခံယူကျင့်သုံးကြရသည့် ပွဲတော်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်အားလုံးတို့၏ ကျေးဇူးရှင်ခရစ်တော်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဖွားမြင်တော်မူခဲ့ခြင်းဖြစ်၍ နေ့ထူးနေ့မြတ်အဖြစ် သတိရအောက်မေ့ဖွယ် အထိမ်းအမှတ် ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်များ နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ ခရစ္စမတ်ပွဲတော်ကာလ အတွင်း ပွဲတော်၏အနှစ်သာရဖြစ်သည့် လူသားများအချင်းချင်း မေတ္တာပွားများကြရန်၊ ကမ္ဘာပေါ်မှာ ငြိမ်းချမ်း သာယာမှုများ ထွန်းကားရန်ဆိုသည့် ဆုတောင်းသံများသည်လည်း တစ်ကမ္ဘာလုံးအနှံ့ပျံ့လွင့် စေလျက် ကမ္ဘာ့လူသားများ၏ နှလုံးသားများကို ရိုက်ခတ်လျက်ရှိမည်ဟု ယုံကြည်မိပါကြောင်း၊ မေတ္တာတော်ရှင် ယေရှုခရစ်တော်၏မွေးနေ့တော် ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ဆင်ခြင်နေကြသည့် မင်္ဂလာအခါ သမယမှာ မွေးနေ့တော်၏ အနှစ်သာရများဖြစ်သည့် မေတ္တာတရားပြည့်ဝခြင်း၊ သည်းခံခွင့် လွှတ်ခြင်း၊ ငြိမ်းချမ်းငြိမ်သက်ခြင်း၊ ဖြောင့်မတ်သစ္စာရှိခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းဆိုသည့် ခရစ်တော်၏ အမွန်အမြတ်တရားများ ကမ္ဘာသူကမ္ဘာသားများအပေါ် အစဉ်ထာဝရ လွှမ်းခြုံနေစေရန် ဝိုင်းဝန်းထိမ်း သိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားပြည်သူ အပေါင်းတို့ကလည်း ခရစ်တော်ဟောကြားခဲ့သည့် အဆုံးအမများနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ကြပြီး မိမိတို့မှီတင်းနေထိုင်ရာ ရခိုင်ပြည်နယ်၏အကျိုးကို အဖက်ဖက်မှဝိုင်းဝန်း ကူညီပံ့ပိုးပေးစွမ်းနိုင်ကြသည့် ဘုရားသခင်၏သားကောင်း သမီးရတနာများ ဖြစ်နိုင်ကြပါစေဟု ခရစ္စမတ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရ ဆရာဦးအောင်လင်းက ခရစ္စမတ် ဆုတောင်းမေတ္တာပို့သပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရစ်ယာန်အသင်းတော်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆန်များကို ပေးအပ်သည်။
ထို့နောက် ခရစ်ယာန်အသင်းတော်များ၊ဘုရားရှိခိုးကျောင်းများမှ လူငယ်များက ခရစ္စမတ်သီချင်း ဖြင့်သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သီဆိုဖျော်ဖြေ ပေးကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အား သိက္ခာတော်ရ ဆရာ ဦးအောင်လင်းက ခရစ္စမတ်လက်ဆောင်ပေးအပ်ကာ ရှင်မာကုကသီဒြယ်ဘုရား ကျောင်း အင်္ဂလီကန်အသင်းတော် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာလှိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသတင်း ရရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး