မိုင်းကိုင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်ရှိ သမိုင်းဝင်စော်ဘွားကန်ဘောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းအောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီးနောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ မြစ်ချောင်းကမ်းပါးအနီးရောက်ရှိနေစဉ် ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များ၊ ဘေးလွတ်ရာသို့ထွက်ရမည့်အစီအစဉ်များ၊ ကူညီကယ်ဆယ်နည်းလမ်းများကို အဆင့်ဆင့်သရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရာတွင် တွေ့ရှိရသည့်လူနာများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုပြီး ဒဏ်ရာအပေါ်မူတည်၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ပို့ဆောင်ခြင်း၊ ရေဘေးကြရောက်နေသူများအား အသက်ကယ်ဘောကွင်းများဖြင့် ကယ်ထုတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြကြရာ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစွမ်မိုင်းက ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)