မိုင်းကိုင် ဒီဇင်ဘာ ၂၃
လူငယ်များ စကားပြောစွမ်းရည်မြှင့်မားတိုးတက်လာစေရန်၊ အောင်မြင်သော အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ ၂၁ နေ့ မနက်ပိုင်းက မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူထုရှေ့စကားပြောနည်းနှင့် အခမ်းအနားမှူးဆောင်ရွက်ပုံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် စိတ်ဝင်စားသူ လူငယ်လူရွယ်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သင်တန်းကိုဆက်လက်ဖွင့်လှစ်ခဲ့ရာ သင်တန်းနည်းပြ တာဝန်ရှိသူများက လူငယ်များအတွက် လူထုရှေ့စကားပြောနည်း၊ အခမ်းအနားမှူးကောင်းတစ်ယောက်၏ အရည်အချင်းများ၊ အခမ်းအနားအတွက်ကြိုတင်ပြင်ဆင်ခြင်း၊ အခမ်းအနားမှူးဆောင်ရွက်ပုံ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဒီဇင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ နှစ်ရက်တာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)