ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျိုင်းလပ် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေး တက္ကသိုလ်) ရေးသားသည့် “စကားနှင်းပွင့်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Youth Club)အဖွဲ့ဝင် မနန်းကျင်က  “စကားနှင့်းပွင့်များ” စာအုပ်မှ “ကိုယ့်အတွက် ကိုယ်လုပ်သင့်တာလုပ်ပါ” ခေါင်းစဉ်ဖြင့် သူများသဘောကျအောင် တမင်ကြိုးစားနေဖို့ မလိုကြောင်း၊ ကိုယ်ကောင်းအောင်ကြိုးစားရင် ကောင်းတဲ့အရာသူတွေက များများသဘောကျလာမှာဖြစ်ကြောင်း စတင်ဆွေးနွေးခဲ့ပြီး (Youth Club)အဖွဲ့ဝင် မနန်းရွှေဥက    “စကားနှင့်းပွင့်များ” စာအုပ်မှ “စောစောထပါ” ခေါင်းစဉ်ဖြင့် ဘဝမှာစောစောအလုပ်လုပ်နိုင်အောင် စောစောအိပ်ရာထပြုကျင့်ပေးသင့်ကြောင်း၊ အိပ်ရာထတယ်ဆိုတာ နေ့သစ်မှာ လူသစ်တစ်ယောက် မွေးဖွားလိုက်တာဖြစ်ကြောင်း၊ အဲ့ဒီလူသစ်ဟာ မနေ့က အိပ်ချိန်မှာရှိနေတဲ့ ကောင်းသောအတွေးအကြံနဲ့ တတ်ကျွမ်းနားလည်မှု ကျန်းမာလန်းဆန်းမှုတို့ကို ထိန်းသိမ်းသယ်ဆောင်ပြီး နေ့သစ်ကိုစတယ်ဆိုရင် နေ့တိုင်းနေ့တိုင်း သစ်နေတဲ့သူဖြစ်ကြောင်း၊ ကမ္ဘာလောကကြီးထဲရောက်လာသူဟာ သူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးဝေဖြာနိုင်ကြောင်းစသဖြင့် ဆွေးနွေးခဲ့ပြီး  တက်ရောက်လာကြသော စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းစသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ (Book Club၊ Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်( ပြန်/ဆက်)