မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦး ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စံပြနေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

ကျောက်ဆည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ယမန့်နေ့က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများက  ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းနေသည့် ရေဆင်းစပ်မျိုး(၁) ‌စံပြနေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံစံပြနေကြာစိုက်ခင်းများသည် ဒွေးလှသမဝါယမအသင်းလီမိတက်အသင်းသား ဦးနေဝင်း၏ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်အမှတ် (၁၄၅)တွင် စိုက်ပျိုးထားသော  ရေဆင်းစပ်မျိုး(၁)နေကြာ စံပြစိုက်ဧက (၂) ဧက နှင့် မြို့နယ်သမဝါမယအသင်းစုလီမိတက်မှ စိုက်ပျိုးသည့် ရေဆင်းစပ်မျိုး(၁) နေကြာစံပြစိုက်ဧက (၄) ဧကတို့ ဖြစ်ကြောင်းနှင့် လာရောက်ကြည့်ရှုသော ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဒေသခံနေကြာစိုက်တောင်သူများအား နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး တောင်သူဦးနေဝင်းက မြေပြုပြင်ချိန်မှစ၌ သွင်းအားစုထည့်သွင်းခြင်း၊ ပြုစုပျိုးထောင်းခြင်း အဆင့်ဆင့်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ကျေးရွာ (၃၉) ရွာမှ အသင်းသားတောင်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေး သွင်းအားစုများနှင့်ရေဆင်းစပ်မျိုး (၁) မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး ဆောင်းနေကြာ (၅၀၂၆) ဧက စိုက်ပျိုးထားကြောင်းနှင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး အခြားနေကြာစိုက်တောင်သူများကိုလည်း ရေဆင်းစပ်မျိုး (၁) နေကြာမျိုးစေ့ဧက (၁၀၀၀) စာနှင့် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)