မိတ္ထီလာမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၄ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄) ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီး (၂) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာငါးရပ်စာမေးပွဲနှင့် ပါဠိပထမစာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် (၃၀၃) ပါးတို့အား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာမြို့ ပါဠိတက္ကသိုလ် ဥယျာဉ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး ဘွဲ့တံဆပ်တော်ရ သံဃာတော် အရှင်မြတ် (၄) ပါးနှင့် သာသနာ့အနွယ်ဝင်သီလရှင် ဆရာကြီး  (၂) ပါးတို့၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားလျှောက်ထားခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဘွဲ့တံဆိပ်တော်အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မိတ္ထီလာမြို့ ရေလည်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ သိမ်တောင်နိကာယာဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ သက်တော်ရှည်ဆရာတော်ဘုရာကြီး ဘဒ္ဒန္တလာဘာဝတထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ မြတ်စွာဘုရားအမှူးပြုသော ဆရာတော်/ သံဃာတော် (၆၅) ပါးတို့အား မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။          

သိန်းမြင့်ကျော်(မိတ္ထီလာ)