ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

စစ်တွေ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ် ဆိပ်ကမ်းရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ် ဆိပ်ကမ်းရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်းပေါင်းများစွာရှိကြောင်း၊ ထိုဆိပ်ကမ်းများသည် ပြည်နယ်နှင့်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ထိုဆိပ်ကမ်းများနှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်လည်း ဂုဏ်ယူစရာကောင်းပါကြောင်း၊ ရှည်လျားလှပသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် ကုန်စည်စီးဆင်းရာတွင် ရေလမ်းကြောင်းကို များစွာအသုံးပြုကြရကြောင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြင့် ကုန်ပစ္စည်းအများဆုံးကို သယ်ယူနိုင်ခြင်းသည် ရေလမ်းကြောင်းပင်ဖြစ်ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် ဒေသအတွက် လိုအပ်သောပစ္စည်းများကို ရေလမ်းကြောင်းဖြင့် အဓိကထား သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့ပို့ဆောင်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံးသို့ သွားရောက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့်စာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)