အမရပူရ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စစ်ကျောင်းမှူးနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ပါမောက္ခချုပ်အား ချီတက်အလေးပြုကြသည်။ ထို့နောက် အဖွင့်အမှာစကား ပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
အုပ်စုပထမပွဲစဉ်အဖြစ် အင်္ဂလိပ်စာဘာသာရပ်အသင်းနှင့် ရုက္ခဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်္ဂလိပ်စာဘာသာရပ်အသင်းက ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)