မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ဆောင်းနေကြာ စိုက်ဧက ၁၀၄၄ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာ နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာ စိုက်ဧက ၁၀၄၄ ဧက စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေးတို့အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ဧက ၁၉၀၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး မြို့နယ်အတွင်း နေကြာစိုက်ဧကများ သတ်မှတ်လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထားရှိသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ တိုင်းဒေသကြီးအစီအစဉ်ဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများအား  နေမျိုးစေ့အိတ်ပေးအပ်သည့်အပြင် ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ပေးအပ်ပြီး ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဆောင်းနေကြာစိုက်ဧက ၁၀၄၄ ဧက စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)