မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မောက်မယ် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၈ နာရီခွဲက ပင်စင်လစာငွေများ စနစ်တကျပုံမှန်ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိရေးအတွက် ကြော်ငြာများကပ်ထားပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်အငြိမ်းစားဝန်ထမ်း (၁၀၀)ဦးခန့်ရှိရာ လစဉ်ပျမ်းမျှအားဖြင့် ပင်စင်စားဦးရေ (၈၀)ကျော်သာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်(၂၀)ဦးခန့်မှ လစဉ်လာရောက်ထုတ်ယူခြင်းမျိုးမဟုတ်ဘဲ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်မှသာ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများလစာ ထုတ်ရက်မတိုင်မီ (၂၁)ရက် နေ့မှစတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ပင်စင်အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                           

စိုင်းမျိုးသန့်(မောက်မယ်)