ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီလှည့်လည် အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာ စေတီတော်(မြို့ဦးစေတီ) (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြည်ကြီးချမ်းသာ မဟာစေတီတော်ကြီး၏ သန္တိသုခဓမ္မာရုံအတွင်း၌ သီတင်းသုံးစံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များအား မြို့နယ်အတွင်း ရပ်ကွက်အသီးသီးတွင် ဒေသစာရီလှည့်လည်အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) သန္တိသုခဓမ္မာရုံတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား မြို့နယ်အတွင်း ရပ်ကွက်အသီးသီးတွင် ဒေသစာရီလှည့်လည်အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ပွဲကို စေတီတော်ကြီးတည်ထားပြီး အလယ်ဌာပနာသွင်းသည့် ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် (၂၆)ကြိမ်မြောက်ဖြစ်ကြောင်း၊ စေတီတော်ကြီးအား မြို့နယ်ဩဝါဒစရိယဆရာ‌တော်ကြီးများ၊ ဂိုဏ်းပေါင်းစုံမြို့နယ်သံဃနာယက ဆရာတော်ဘုရား ၁၂ ပါးနှင့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇာ်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဆရာတော်၊ သံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ကို ပူဇာ်သွားမှာဖြစ်ကြောင်း၊ ယနေ့မြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများအား လှည့်လည်အပူဇော်ခံပြီး ဘုရားပွဲတော်အား ဇန်နဝါရီလ ၃ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့ထိကျင်းပ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဉက္ကဋ္ဌမှ ကျေးဇူးတင်စကား‌ပြောကြားပြီး စေတီတော်အထောက်အကူပြုအဖွဲ့ဝင် ဦးစိန်မင်း(မင်္ဂလာဆရာစိန်)က နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား ရပ်ကွက်အသီးသီးသို့(၇)ရက်ကြာ ဒေသစာရီကြွချီ‌တော်မူပါရန် အပူဇော်ခံနိုင်ရန် ပင့်လျှောက်ထားသည်။ ထို့နောက် ရပ်ကွက်စဉ်အလိုက် နှစ်ကျိပ်ရှစ်ဆူဘုရားရှင်တို့၏ ဘွဲ့တော်များအား ဖတ်ကြားလျှောက်ထား၍ အပူဇော်ခံနိုင်ရန် ရပ်ကွက်များအလိုက် အသီးသီးပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ