ရတနာပုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

အမရပူရ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) ဘာသာရပ်အသီးသီး၌ တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲ၊ ဘာသာရပ်မိတ်ဆက်ပွဲ၊ ပညာရပ်အထောက်အကူပြု စာအုပ်ပြပွဲနှင့် ပိုစတာပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ တက်ရောက်ကြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ကျောင်းသားကျောင်းသူလေးများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက နှုတ်ဆက်အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းစကား ပြောကြားသည်။ ထို့နောက် ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်ကြားပို့ချပေးနေသည့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များအကြောင်းကို အသီးသီး မိတ်ဆက်ရှင်းလင်းကြသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များက ပင်မဆောင်မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် ဘာသာရပ်ဆိုင်ရာ အထောက်အကူပြုစာအုပ်များ၊ ပိုစတာပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ရတနာပုံတက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ(LLB)/ ဥပဒေပညာ(BA)၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေ့လာမှုပညာ၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံ ပညာနှင့် အားကစားပညာ စသည့် ဘာသာရပ်ပေါင်း (၂၈) ဘာသာကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)