ပေါင် ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး(ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ကွင်းဆင်းကုသဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥူကဝိန္ဒအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။ ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆေးကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး ဦးဆောင်၍ အထူးကုဘာသာရပ်များဖြစ်သည့် ခွဲစိတ်၊ အရိုး၊ ဆေးပညာ၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာ လက်ထောက်ဆရာဝန်များ၊ ပေါင်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါ်တာမင်းညွန့်ဝင်း သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးလက်နေပြည်သူ(၅၀၀)ဦးအား ကျန်းမာရေးစောင့်ရှောက် ကုသပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)