နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ် ဝတ်ဆင်မောင်းနှင်ရေး အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

နမ့်စန်(တ) ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်မတော်တဆဖြစ်မှုများကြောင့် ယာဉ်စီးနင်းသူများ ထိခိုက်မှုအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများအားလုံး ဆိုင်ကယ်စီးဦးထုပ် ဝတ်ဆင်မောင်းနှင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး၊ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေး၍ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ ယာဉ်မောင်းနှင်စီးနင်းသူများကို အသိပညာပေးပြောကြားကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများလိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအသိပညာပေးမှုကို နေ့လယ် ၂ နာရီခွဲအထိ ဆောင်ရွက်၍ လက်ကမ်းစာစောင် စုစုပေါင်း (၂၀၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေးကာလပြီးဆုံးပါက ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများနှင့် အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ဘဲ ယာဉ်မောင်းနှင်သူများကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

သူရအောင်(နမ့်စန်)