မြစ်ကြီးနား ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ (၉) ရက် မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း (၂၃)နည်းအနက် အားကစား (၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကို မောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများက ဘင်ခရာအဖွဲ့နှင့်အတူ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော ပြည်နယ်ကိုယ်စားပြုအားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား မောင်/မယ်များအား ဂုဏ်ပြု ပန်းကုံး၊ လီဆူရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၏ အမျိုသားလှုပ်ရှားမှု၊ အမျိုးသားအားမာန်တို့ကို ခမ်းနားထည်ဝါစွာ ဖော်ထုတ်ပြသနိုင်ခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးတွင် မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း အစွမ်းကုန် ပါဝင်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြည်နယ်သူ/ ပြည်နယ်သားများကိုယ်စား လှိုက်လှဲဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးတွင် ဆုတံဆိပ်ရရှိခဲ့သည့် အားကစားအသင်းများကို ချီးကျူးဂုဏ်ပြုသကဲ့သို့ ဆုမရရှိသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန်ပါဝင်ယှဉ်ပြိုင်ခဲ့မှုအပေါ်၌လည်း ချီးကျူးဂုဏ်ယူပါကြောင်း၊ မိမိတို့အနေဖြင့် အားကစားသမား အားလုံးသည် ပြည်နယ်ဂုဏ်ဆောင်သူများအဖြစ် မှတ်တမ်းတင် ဂုဏ်ယူအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြန်လည်ရောက်ရှိလာသော အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/ နည်းပြများက အားကစားနည်းအလိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့် ပြိုင်ပွဲများတွင်လည်း အရည်အချင်းပြည့်မီသည့် အားကစားသမားများအား ပြန်လည်စုဖွဲ့လေ့ကျင့်ပြီး ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်မောင်/မယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် လီဆူရိုးရာအကအဖွဲ့တို့အား ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း (၂၃)နည်းအနက် အားကစားနည်း (၂၁) နည်းတွင် အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်ဦးရေ (၃၃၈) ဦးတို့ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဆုတံဆိပ်ရရှိမှု အနေဖြင့် ရွှေတံဆိပ် (၁၆)ခု၊ ငွေတံဆိပ် (၁၁)ခု၊ ကြေး တံဆိပ် (၂၂)ခု ဆုတံဆိပ်စုစုပေါင်း (၄၉)ခုကို ရရှိခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၅)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)