ရက်ကန်းပညာရပ်တိမ်ကောပပျောက်မှုမရှိစေ​ရန် သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားမည်

မုဒုံ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်းခြောက်လသင်တန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားရေးနှင့် (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ သဘာဝဆိုးဆေးကို အခြေခံ၍ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရန်၊ ရက်ကန်းလုပ်ငန်းများ ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်နှင့် ယင်းလုပ်ငန်းများ လိုအပ်သော နည်းပညာအထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရန်အတွက် လက်ရက်ကန်းသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောသည်။

အဆိုပါ လက်ရက်ကန်းသင်တန်းကို နည်းပြများက အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ လက်ချည်မျှင်ဆွဲ၊ ရိုးရာဂျပ်ခုတ်ဘာသာရပ်များနှင့် စက်ချုပ်၊ ဖဲနှပ်ကောက် စသည့်ပညာရပ်တို့ကို သင်တန်းသား(၁၀)ဦးအား ခြောက်လကြာ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)