ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးလေ့ကျင့်ဆောင်ရွက်

ရန်ကင်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရန်ကင်းလမ်းရှိ Golden City အဆင့်မြင့်လူနေအိမ်ရာနေပြည်သူများနှင့်ဝန်ထမ်းများအား မီးလောင်ဆုံးရှုံးမှုများမဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုတို့ဖြင့် ယမန်နေ့နံနက် ၉ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူးဦးကိုကိုကြီးက အိမ်ရာနေပြည်သူများနှင့်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးဆိုင်ရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး ခရိုင်အတွင်းရှိ မီးငြှိမ်းသတ်ရေးရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းအဖွဲ့များပါဝင်သော အဖွဲ့များက အိမ်ရာနေပြည်သူများဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးများ လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းက အိမ်ရာနေပြည်သူများနှင့်ဝန်ထမ်းများအား Gas မီးဖိုမီးလောင်မှုနှင့် ရှေးဦးမီးငြှိမ်းသတ်ရေးတို့ကို သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးခဲ့‌ပြီး လေ့ကျင့်မှုတွင် မီးငြှိမ်းသတ်ယာဉ် ၂ စီး ၊ ရေသယ်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၃ စီး၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးနှင့် အိမ်ရာနေပြည်သူနှင့် ဝန်ထမ်း ၇၀ ဦးတို့ ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)