၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆို

ရန်ကုန် ဒီဇင်ဘာ ၂၂

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ အောင်ပွဲရအားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်

၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများက ပန်းကုံးစွပ်ကာအိုးစည်ဒိုးပတ်၊ အကအခုန်များဖြင့် စည်းကားသိုက်မြိုက်စွာဂုဏ်ပြုကြိုဆိုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအားကစားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်မှတ်တမ်းဗွီဒီယိုကိုပြသသည်။

ထို့နောက် အားကစားသမားများစုပေါင်း၍ "အားကစားရဲ့မာန်ဟုန်လှိုင်း ဒို့ရန်ကုန်တိုင်း"တေးသီချင်းဖြင့် ဖျော်ဖြေကြပြီးစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ အောင်ပွဲရအားကစားသမားများသည် MCC ခန်းမမှ ပြည်လမ်းအတိုင်း၊ ဆူးလေစေတီတော်အားလည်းကောင်း၊ ထိုမှ ဦးထောင်ဘိုအဝိုင်းကိုပတ်၍ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်မှ စေတီတော်မြတ်ကြီးအားလည်းကောင်း၊ မော်တော်ယာဉ်များပေါ်မှ လှည့်လည်ဖူးမြော်ကြည်ညိုကြရာ လမ်းတစ်လျှောက်တွင် ပြည်သူများက အလံငယ်များဝှေ့ယမ်းပြီး အားပေးဂုဏ်ပြုကြိုဆိုကြသည်။

ရန်ကုန် တို င်း ဒေ သ ကြီးအားကစားအဖွဲ့သည် အားကစားနည်း ၂၃ နည်းတွင် အားကစားသမား ၄၂၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၆၈ ခု၊ ငွေတံဆိပ် ၄၂ ခု၊ ကြေးတံဆိပ် ၃၉ ခုစုစုပေါင်း ၁၄၉ ခုဖြင့် ပထမတံခွန်စိုက်ဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင်အဆင့် (၁) နေရာ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)