(၃၂)ကြိမ်မြောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၂၂                         

(၃၂)ကြိမ်မြောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများနှင့် ညီနောင်အသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာမြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်း မှတ်တမ်းဗီဒီယိုအားပြသသည်။ ယင်းနောက်မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက စားသုံးသူပြည်သူများ စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသော စားသုံးဆီများ ဖြန့်ဖြူးနိုင်ရေးကို အသင်းမှ ဦးတည် ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းအနေဖြင့် နိုင်ငံတော်အစိုးရ၊ စားသုံးသူများနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်‌မှုနှင့် မျိုးစေ့ဆိုင်ရာ ထုတ်လုပ်‌မှုတို့တွင် အသင်းမှဝိုင်းဝန်း ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အသင်းသည်အသင်းသူ၊ အသင်းသားတို့၏ အကျိုးစီးပွားကို အစဉ်ပံ့ပိုးပေးလျက်ရှိပြီး ကုန်‌ဈေးနှုန်းတည်ငြိမ်‌‌ရေးကိုလည်း နိုင်ငံတော်အဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်ဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးဝင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း၊ စာရင်းစစ် အစီရင်ခံစာ၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းတို့ကို တာဝန်ရှိသူများက အသီးသီးတင်ပြ ဆောင်ရွက် ကြသည်။ 

ယင်းနောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဇော်မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားသို့ တက်‌‌ရောက်လာ ကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 

(၃၂)ကြိမ်မြောက်မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ပြခန်းပေါင်း ၁၅ ခန်း ပါဝင်ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများသည် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ အသင်းဝင်ပေါင်း ၉၀၀၀ ကျော်ရှိကာ အသင်း၏အဓိကမျှော်မှန်းချက်ဖြစ်သော မြန်မာနိုင်ငံ၏ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)