မော်လမြိုင် ဒီဇင်ဘာ ၂၂
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုအသင်း အစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါသင်တန်းဖွင့်ပွဲကို ကျင်းပရာ သင်တန်းနည်းပြ ပန်းချီပန်းပုအသင်း အစည်းအရုံးက သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တွင်လည်း ကလေးတွေကို အခြေခံပန်းချီရေးဆွဲနည်းကို ပို့ချပေးမှာ ဖြစ်ကြောင်း ကလေးတွေရဲ့ အတွေးအခေါ်တွေ ယဉ်ကျေးသိမ်မွေ့လိမ္မာလာအောင်၊ အနုပညာ မျက်စိလေးတွေနဲ့သဘာဝကို ကြည့်တတ်ရေး တတ်ဆွဲတတ်လာအောင် အတတ်နိုင်ဆုံး ကောက်ကြောင်းကစပြီး လူပုံအဆင့်ထိ အဆင့်ဆင့်ကလေးတွေ သဘောပေါက် နားလည်အောင် စေတနာထား သင်ကြားပေးသွားမှာဖြစ်ပါတယ်ဟု သင်တန်းနည်းပြ ပန်းချီပန်းပုအသင်း အစည်းအရုံးဥက္ကဋ္ဌ ဦးဉာဏ်သောင်းက ပြောကြားခဲ့သည်။
အဆိုပါအခြေခံပန်းချီသင်တန်းကို အခမဲ့ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး ဒီဇင်ဘာလ ၂၁ ရက် နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)