ဒဂုံတောင် ဒီဇင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံ ဒုတိယညွှန်ကြားရေမှူး ဦးသိန်းနွဲ့ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၂ ခုနစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့အလုပ်ခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေးရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော MAY FAIR(Myanmar) Industry Co.,Ltd မှ အာမခံအလုပ်သမား ဒေါ်မိုးမိုးဌေး၏ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၅၀ ရာခိုင်နှုန်း (၇) နှစ်စာအတွက် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၄,၂၃၃,၆၀၀/- (ကျပ်လေးဆယ့်နှစ်သိန်းသုံးသောင်းသုံးထောင်ခြောက်ရာတိတိ) ကို ကာယကံရှင်ထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်ဌာနမှ တာဝန်ရှိသူများနှင့် WCC အဖွဲ့ဝင်များရှေ့၌ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက လက်ဝယ်ပေးအပ်ကြောင်း သတင်းရသည်။
ထို့နောက် အကျိုးခံစားခွင့်ရရှိသူကိုယ်စား အလုပ်ဌာနတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သတင်းရရှိသည်။
နေမျိုးအောင်(ဒဂုံတောင်)