ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို့တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့ အားကစားကွင်း အထူးတန်းပွဲကြည့်ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စု လမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ရုံးကြီးလမ်းမအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယ ကြံ့ခိုင်မှု အတွဲအမှတ်(၁)၊ (၂)နှင့် Fitness Dance တို့ကို အတူတကွစုပေါင်း လေ့ကျင့်ခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများ၏ Fitness Dance အကဖြင့် သရုပ်ဖော် ကပြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြရာ ရိုးရာဧည့်ကြိုအကအဖွဲ့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ရှေးဦးစွာ ဝတ်ပြုဆုတောင်းပွဲကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များက ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်က ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်အတူ ခရစ်တော်မွေးနေ့မင်္ဂလာပွဲတော်ကို ယခုလိုဌာနဆိုင်ရာများ၊ မိတ်ဆွေများနှင့်အတူ အတူတကွ ကျင်းပပြုလုပ်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်ရရှိသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ဘုန်းတော်ကြီး ဖာသာဒေါက်တာယုံဝါ၊ သိက္ခာတော်ရဆရာများ၏ ဦးဆောင်မှုနှင့်အတူ ဝတ်ပြုဆုတောင်းပွဲ အစီအစဉ်အဖြစ် ကျမ်းစာဖတ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုဆက်ကပ်ခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ခရစ္စမတ်ဓမ္မသံချပ်ရွတ်ခြင်း၊ ကောင်း ချီးတောင်းခံခြင်း၊ ဓမ္မဒေသနာတော်ဟောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီးတို့က ဘုန်းတော်ကြီးများနှင့် သိက္ခာတော်ရဆရာတို့အတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက ခရစ္စမတ်ပွဲတော် ကာလအတွင်း ဝန်ထမ်းမိသားစုများ၏သတင်းကောင်းလှည့် လည်ဝေငှခဲ့သည့်အတွက် လှူဒါန်းလက်ခံရရှိသည့် အလှူငွေများအား ပြန်လည်လှူဒါန်းပေးအပ်သွား မည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အလှူငွေ များကို နှစ်ခြင်းခရစ်ယာန်အသင်းတော်များနှင့် ကက်သလစ်အသင်းတော် (၆)သင်း၊ မျက်မမြင် ကျောင်း(၁)ကျောင်းနှင့် မိဘမဲ့‌ဂေဟာ (၃) ခုတို့အတွက် အလှူငွေကျပ်သိန်း (၁၀၀)နှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအတွက် သာရေး၊ နာရေးနှင့် အရင်းမပျောက် မတည်ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းမှူးနှင့် ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ဝင်များအတွက် ခရစ္စမတ်လက်ဆောင်များကို လက်ဆောင်ပေးအပ်ပြီး ခရစ္စမတ်ပွဲတော် အထိမ်းအမှတ်နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြရာ ဝန်ထမ်းမိသားစုများက ခရစ္စမတ်တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)