ပူတာအို၌ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်

ပူတာအို  ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူလူထုအတွင်း အားကစားကို စိတ်ဝင်စားလာပြီး ကိုယ်လက်ကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ဒီဇင်ဘာအားကစားလအတွင်း အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်(၆)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်၌ ကျင်းပသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့မှ တစ်ဆိုင်တန်း လမ်းခွဲကြားလမ်းမှတဆင့် ခရိုင်ပြည်သူ့ဆေးရုံလမ်းအတိုင်း၊ ဟိုခိုရပ်ကွက်အောက်ချိုင့်လမ်းဆုံမှ တဆင့် ခရိုင်ပြည်သူ့အားကစားကွင်းသို့ တစ်ပတ်စုပေါင်းလမ်းလျှောက်ကြပြီး ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)(၂)နှင့် Physical Fitness Dance အကဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ တပျော်တပါး စုပေါင်းဆောင်ရွက် ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဘုန်းလက်ရာသစ်