နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

နေပြည်တော် ဒီဇင်ဘာ ၂၂

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော် ကောင်စီမှ ဦးဆောင်၍ ယမန်နေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူလူထုများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော် ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှစတင်၍ ဥပ္ပါတသန္တိစေတီတော် ပတ်လမ်းတစ်လျှောက် လက်ယာရစ်ပတ် စုပေါင်းလမ်းလျှောက်၍ တပေါင်းကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)