မော်လမြိုင် ဒီဇင်ဘာ ၂၂
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ(တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွား သင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား(၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီ ပန်းခြံရှေ့မှ စတင်ပြီး ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်းကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနှင့် Fitness Dance အကဖြင့် အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မော်လမြိုင်အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းသို့ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှေးဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပထမပိုင်းအဆင့်ခြံစည်းရိုးကာရံခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ အောက်ခံမြေသားပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုနှင့် ဆိုင်ခန်းများဆောက်လုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ဆောင်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် အချိန်မီပြီးစီးရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့်နီးစပ်ခြင်း၊ အမှိုက်နှင့်အနံ့အသက်ဆိုးများ ကင်းဝေးစေရန်အတွက် ယခုနေရာတွင် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ စျေးအနီးအနားတွင် အအေးခန်းစက်ရုံများနှင့် ရေခဲစက်ရုံများပါ တည်ဆောက်လာပါက အဆင့်မြင့်ငါးဈေးသစ်ကြီး လုပ်ငန်းလည်ပတ်မှုမှာ မြန်ဆန်လွယ်ကူလာမှာဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီတည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းအတွင်း ပထမပိုင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းကျေးရွာ ကျောက်တန်း ကျောင်းဟောင်းစာသင်တိုက်သို့ရောက်ရှိပြီး ပဓာနနာယက ဆရာတော်ဘဒ္ဒ စာရိန္ဒ(မြစ်ကမ်းသာ)အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှာက်ထားပြီး ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူမည့် လောကမေတ္တာဆုတောင်းပြည့် နဂါးရုံဘုရားတည်ဆောက်နေမှုကို ကြည့်ရှုကြည်ညိုခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)