ရှမ်းပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ဒီဇင်ဘာလ(၂၀)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် MSME အေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ တပေါင်းကွင်းမှာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများလာရောက်၍ ပြခန်းအနေနှင့် ပြခန်းများပြသရောင်းချခြင်း၊ စျေးကွက် ချိတ်ဆက်ခြင်းများပါ ဆောင်ရွက်သွားမည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်ရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပစျေးကွက်ချိတ်ဆက်နိုင်ရေး၊ စီးပွားရေးအသိအမြင်များ ဖလှယ်နိုင်ရေးအတွက် ပါဝင်ကြရန်နှင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ မတက်ရောက်နိုင်သည့် လုပ်ငန်းရှင်များပါ ပြပွဲ၊ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းချက်များအပေါ် မိမိတို့ဘယ်လိုကဏ္ဍကနေ ပါဝင်မည်၊ ဘယ်လိုအခက်အခဲများကို ဖြေရှင်းပေးရမည်ကို ပွင့်လင်းစွာ ဆွေးနွေးပေးကြရန်ပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြ၍ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားပြီး ရှမ်းပြည်နယ် MSME အေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လုပ်ငန်းရှင်များအနေဖြင့် တစ်စုတစ်ဖွဲ့ဖြစ်စေ၊ အုပ်စုလိုက် ဖြေစေဒေသထွက်ကုန်များကို ဆောင်ရွက်ပေးစေလိုကြောင်း လာမည့်ပြည်ထောင်စုနေ့တွင် ပြပွဲ၊ ပြိုင်ပွဲများတွင် ဒေသထွက်ကုန်ပစ္စည်းများ ပြသနိုင်ရန်အတွက် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်ထွက်ကုန်များကို အများပြည်သူရှေ့မောက်ရောက်ရှိအောင် ဆောင်ရွက်ပေးကြရန်၊ ရှမ်းပြည်နယ် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ဝါးဖြင့်ပြုလုပ်ထားသော အိမ်အသုံးအဆောင်များကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)