တောင်ကြီး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် Taunggyi Garden City စီမံကိန်း ဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုတွင် ကုန်သွယ်စီးပွားအခွင့်အလမ်းများ၊ စက်မှုအခြေခံကုန်ထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပြည်သူများ၏လူနေမှုအိမ်ရာစီမံကိန်းများနှင့် လူမှုစီးပွားဘဝအဆင့် အတန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ မြေဧရိယာ ၁၇၇၀ ဧကပေါ်တွင် Taunggyi Garden City Co.,Ltd က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်း၊ အငယ်စား၊ အသေးစား၊ အလတ်စားစက်မှု၊ အိမ်တွင်းမှုလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ ဂေါက်ကွင်းနှင့်တန်ဖိုးမြင့် အိမ်ရာစီမံကိန်း၊ ကုန်စည်ရပ်ဝန်းနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ Taunggyi Garden City Co.,Ltd မှ တာဝန်ခံ ဦးငွေစိုးက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးနှင့်တာဝန်ရှိသူများသည် လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)