တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံကာ မှန်ကန်တဲ့အသိ၊ အတွေးအခေါ် အယူအဆများ ရရှိလာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကိုမြှင့်တင်နိုင်ပြီး ရရှိလာသော အသိဉာဏ်ပညာဗဟုသုတများဖြင့် မိမိတို့၏ရပ်ရွာအကျိုး ဒေသအကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်လူငယ်ရေးရာ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဇော်လွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပေါ် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများ၊ အမျိုးသမီးများအား အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်များနှင့် အမျိုးသမီးများ ကာကွယ်ရေးဥပဒေဆိုင်ရာများကိုလည်းကောင်း အကျယ်တဝင့် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို သင်တန်းသူများက လေ့လာဖတ်ရှုခဲ့ကြပြီး ရုပ်သံကျွမ်းကျင်-၃ ဦးမြသိန်းက စာကြည့်တိုက်သို့ စာအုပ်များလာရောက် ဌားရမ်းဖတ်ရှုရန် ခက်ခဲသည့် စာဖတ်ဝါသနာပါသူ သင်တန်းသူများအတွက် သုတ၊ ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်ထပ်မံငှားရမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)