မန္တလေးမြို့ အမှတ် (၂) မူလတန်းကြိုကျောင်း “ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ” အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ အမှတ် (၂) မူလတန်းကြိုကျောင်း၊ မန္တလေးမြို့၏ “ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ အမှတ် (၂) မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးကြွယ်က အမှတ် (၂) မူလတန်းကြိုကျောင်းရှိ သားငယ်/သမီးငယ်လေးများ၏ ကာယစွမ်းရည်မြင့်မားစေရန်အတွက် ကလေးများအား ရှေးဦးအရွယ် ကလေးဘဝကတည်းက မိမိကိုယ်ကိုမိမိယုံကြည်မှု၊ စုပေါင်းဆောင်ရွက်တက်မှု၊ လေးစားတန်ဖိုးထားမှု၊ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုစသည့် အတွေ့အကြုံကောင်းများစွာကို ရရှိစေရန် မိဘ၊ ဆရာ၊ ကလေး ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး (က.ခ.ဂ.ဃ.င.စ) တန်းများရှိ သားငယ်/ သမီးငယ်လေး (၃၅၀) ဦးအား အကြီးဆင့်/ အငယ်ဆင့်ခွဲ၍ ပွဲစဉ်ပေါင်း (၅၄)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ဖြင့်သာ (ပထမ/ဒုတိယ/ တတိယနှင့် အထူးဆု) များကို ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ၊ အမှတ် (၂) မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးကြွယ်နှင့် သင်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ သူများ တက်ရောက်သည်။

အောင်ဇော်မင်း