ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အခြေခံမီးသတ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲနှင့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီး)ဘုရား၊ ဓမ္မရက္ခိတ ဓမ္မာရုံတော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထိုက်တို့က သင်တန်းဆင်းအမှာစကား အသီးသီး ပြောကြားခဲ့ပြီး အခြေခံမီးသတ်သင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး သင်တန်း နည်းပြများအားအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူ (၃၃)ဦး အား တာဝန်ရှိသူများက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘုရားဝန်းရှိ စျေးဆိုင်များအား မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဆိုင်ခန်းများအား လိုက်လံ ကြည့်ရှူစစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက ဂတ်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုး မီးလောင်မှုအား Barပိတ်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ မီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ သင်တန်းသား၊ သင်တန်း သူ(၃၃)ဦးဖြင့် (၅ )ရက် တိုင်တိုင် စာတွေ့၊လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)