မိုင်းယန်း ဒီဇင်ဘာ ၂၁
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေ ကျပ်သိန်း(၁၅၀) ဖြင့်မိုင်းလွေကျေးရွာအုပ်စု ပန်ဆောင်ကျေးရွာအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် ကျေးရွာစာကြည့်တိုက်တာဝန်ခံတို့မှ စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ခရိုင်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်သည် ကျေးရွာများအတွက် အကျိုးပြုသည်သာမက မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတော်အဆင့်အထိ နိုင်ငံ့အကျိုးပြု သားကောင်း၊ သမီးကောင်း ရတနာများ ပေါ်ထွန်းလာစေရေးအတွက် ဖြစ်ကြောင်းပြောကြားပြီး စာကြည့်တိုက်အဆောက်အအုံသစ်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ကျေးရွာစာကြည့်တိုက်တာဝန်ခံမှ လက်ခံရယူသည်။ ဆက်လက်၍ တက်ရောက်လာကြသော မိုင်းယန်းခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကျေးရွာစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြပြီး ရွာသူရွာသားများကိုယ်စား ပန်ဆောင်ကျေးရွာ ဆရာတော် ယိုးအေလက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး