နောင်တရား ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာ(အခြေခံအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပသည်။
ဘင်ခရာ(အခြေခံအဆင့်) သင်တန်းဆင်းပွဲတွင် ဘင်ခရာအစုအဖွဲ့ ငါးဖွဲ့က ချီတက်သရုပ်ပြပြီး ဘင်ခရာအခြေခံသင်တန်းကို သင်ကြားပေးသည့် သင်တန်းနည်းပြသုံးဦးကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌမှ ဂုဏ်ပြုငွေချီးမြှင့်ပေးအပ် သည်။
ထို့နောက် နောင်တရား အ.ထ.က ကျောင်းအုပ်ဆရာမကြီးက တိုင်းရင်းသားပေါင်းစုံများ စုပေါင်းသင်ကြားနေသည့် နောင်တရားကျောင်းတော်ကြီး၌ စုပေါင်းလုပ်ဆောင်ပြီး ညီညွတ်မှုစွမ်းအားဖြင့် ဘင်ခရာအဖွဲ့ကို ဖွဲ့စည်းနိုင်သည့်အတွက် ဝမ်းသာဂုဏ်ယူဝမ်းမြောက် ပါကြောင်းဖြင့် အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဘင်ခရာအဖွဲ့များက နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျောင်းသီချင်းတီးမှုတ်ပြီး ကျောင်းအုပ်ဆရာမကြီး ဆရာဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များကို ချီတက် အလေးပြုကြသည်။ အဆိုပါ ဘင်ခရာ(အခြေခံအဆင့်) သင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ သင်ကြားခဲ့ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)