မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံဖူလုံရေးနှင့် MSME ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ လူတိုင်းအသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးသည် အခြေခံလိုအပ်ချက်ဖြစ်ရာ နိုင်ငံတော်က စားရေရိက္ခာဖူလုံရေး၊ ဒေသနှင့်ကိုက်ညီသည့် ထုတ်ကုန်များပိုမိုထွက်ရှိစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအောင်မြင်ကာ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်သူများအား သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဘက်ပေါင်းစုံမှလိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံတော်၏ ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ တင်ပြသည့် စာရင်းဇယားများတိကျမှန်ကန်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ကြုံတွေ့နေရသည့်အခြေအနေများအား နည်းလမ်းများရှာဖွေကာ ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများနှင့် ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍအလိုက်ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ရန်လျာထားချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်