ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန် ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ဥတ္တရသီရိ ဒီဇင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်း‌ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌ဆွေဆွေဝင်းက သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများဖြစ်ကြသော ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌ဆွေဆွေဝင်းတို့က ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊  ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊  လုပ်ငန်းမှတ်တမ်း ရေးသားခြင်း၊  လုပ်ငန်းစီမံချက်ရေးသားခြင်းနှင့် ရုံးလုပ်ငန်းများစစ်ဆေးခြင်းအကြောင်းတို့ကို သင်တန်းသား၊ သင်တန်းသူများသည် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာ စာ‌တွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်အတွင်းရှိ  အမှုထမ်းဝန်ထမ်းများ တက်ရောက်ကြ‌ကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)