ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပခဲ့သည်။
ဟောပြောပွဲသို့ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာအထက်ကျောင်း(နေပြည်တော်)မှ ကျောင်းအုပ်ကြီး ဦးအောင်ထိုက်သူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၆၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ရှိကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုပြောင်းလဲလာမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းအရာများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ လူသားနှင့်ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ လက်ရှိကမ္ဘာနှင့်မြန်မာ၏ မီးခိုးမြူငွေ့ပြဿနာများ၊ နေပြည်တော်၏ Fire Hotspot ဖြစ်ပေါ်မှုအခြေအနေများ၊ လေထုအရည်အသွေး AQI Level များအကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းစဥ်များအကြောင်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသူများအား PM2.5 အကြောင်းသိကောင်းစရာ Video Clip ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခြင်း၊ အမှတ်တရဆုလက်ဆောင်များပေးအပ်ခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) စာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ်များ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)