ချမ်းအေးသာစံ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံဖူလုံရေးနှင့် MSMEကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း၊ လူတိုင်း အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးသည် အခြေခံလိုအပ်ချက်ဖြစ်ရာ နိုင်ငံတော်က စားရေရိက္ခာဖူလုံရေး၊ ဒေသနှင့်ကိုက်ညီသည့် ထုတ်ကုန်များပိုမိုထွက်ရှိစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ အောင်မြင်ကာ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်သူများအား သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဘက်ပေါင်းစုံမှ လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံတော်၏ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ တင်ပြသည့် စာရင်းဇယားများ တိကျမှန်ကန်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကြုံတွေ့နေရသည့် အခြေအနေများအား နည်းလမ်းများ ရှာဖွေကာ ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနတို့မှ တိုင်းဦးစီးမှူးများနှင့် ခရိုင် ၁၀ ခု မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍအလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ရန်လျာထားချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်