ကော်မတီအစည်းအဝေး တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အမှတ်စဉ် (၄/၂၀၂၄-၂၀၂၅) ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၁၉     

ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄-၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ပေးရန် (၂၈၅) ခု လျာထားခဲ့ပြီး (၁၀-၄-၂၀၂၄) ရက်နေ့တွင် (၆၀) ဦး၊ (၂၆-၆-၂၀၂၄) ရက်နေ့တွင် (၉၃) ဦး၊ (၂၆-၈-၂၀၂၄) ရက်နေ့တွင် (၇၃) ဦး  စုစုပေါင်း (၂၂၄) ဦးအား ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုလုပ်ငန်းအသစ်လျှောက်ထားသည့် (၄၉)ခုမှာ စားသောက်ကုန်လုပ်ငန်း (၂၈) ခု၊ လူသုံးကုန်လုပ်ငန်း (၁)ခု၊ အဝတ်အထည်လုပ်ငန်း (၂)ခု၊ စာပေ/ပုံနှိပ် (၁)ခု၊ စိုက်ပျိုးရေး (၁)ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၄)ခုနှင့် အထွေထွေလုပ်ငန်း (၁၂)ခု စုစုပေါင်း (၄၉)ခုဖြစ်ပြီး ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးခဲ့ရာ ယနေ့ထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၇၁၄) ခုကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြောကြားသည်။

လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးစိုးနိုင်ထူးက မှတ်ပုံတင်များလာရောက်လျှောက်ထားစဉ် ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ စားသောက်ကုန်လုပ်ငန်းများကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်ထားခြင်းရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ မြင်းကောင်ရေ(၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉)ဦးထက်မပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား(၃)ဦးနှင့် အထက်ရှိသည့် စက်မှုလုပ်ငန်းတွေကို တရားဝင်ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။

စိုင်းသန်းကျော် (ပြန်/ဆက်)