မဟာအောင်မြေမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက  ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းဦးက အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူရည်ချွန်များ ထွက်ပေါ်လာစေရန်နှင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည်များ ပြောကြားရာတွင် ဇန်နဝါရီ (၄) ရက်နေ့သည် “လွတ်လပ်ရေးနေ့”ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံအဖြစ် နှစ်ပေါင်း ၁ဝဝဝ ခန့်မှစ၍ ရပ်တည်ခဲ့သောနိုင်ငံဖြစ်ကြောင်း၊ ပု ၊ ပင်း ၊ အင်း ၊ တောင်၊ ညောင်၊ ကုန်းဘောင်ဆိုသည့်အတိုင်း ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင် မြန်မာပဒေသရာဇ်မင်းတို့ အုပ်ချုပ်ခဲ့ကြသည်။ သို့သော် ၁၉ ရာစုတွင် နယ်ချဲ့စနစ်ကြီး ဗြိတိသျှအခက်- ဗမာ့အချက်” ကြွေးကြော်ချက်ဖြင့် ဂျပန်တို့နှင့် ပူးပေါင်းကာ ဗြိတိသျှတို့အား တိုက်ထုတ်ရန် ကြိုးပမ်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊အေ)ကိုဖွဲ့ကာ ဗြိတိသျှတို့ကို တိုက်ထုတ်နိုင်ကြောင်းစသည့် လွတ်လပ်ရေးနှင့် ပတ်သက်သည်များ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်နှင့်စာပေအကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)