ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရား၌ စတီးလှေကားနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနား၊ ဥပ္ပါတသန္တိ ပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားနှင့် ထီးဖြူတော်(၂) လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဥပ္ပါတသန္တိပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားနှင့် ထီးဖြူတော်(၂) လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး ပြည်လုံး ချမ်းသာဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညို၍  စတီးလှေကားနှင့် ထီးဖြူ(၂)လက် တပ်ဆင်လှူဒါန်းထားရှိမှုအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီး ကြွဖြူကျောင်းတိုက်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဓနာတရား နာကြားကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွှေစေတီပရိယတ္တိစာသင်တိုက်၌ ကျင်းပသော ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်ကြပြီး ရွှေစေတီပရိယတ္တိစာသင် တိုက်ပဓာနနာယက ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝသထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများက နတ်ဗြဟ္မာများကို ဖိတ်ကြား၍ ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားရှင်းအား ပင့်လျှောက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဥပ္ပါတသန္တိပရိတ်တော် ဘာဏကသံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ရွတ်ဖတ်ပူဇော်၍ အလှည့်ကျသံဃာတော်က ဆက်လက်ရွက်ဖတ်ပူဇော်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝင်္ကဘာကွင်းမြေကြီးဖို့ခြင်း၊ ပလက်ဖောင်းဆောင်ရွက်ခြင်း၊ အုတ်ရိုးစီခြင်းနှင့် သံပန်းအလှဖြင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနဆိုင်ရာများအနေဖြင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရန်နှင့် အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ကော်မတီဖွဲ့စည်းထားမှုအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)