မုဒုံ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံမှုရရှိစေရန် ဆောင်းနေကြာ စိုက်ပျိုးမှုအနေဖြင့် (၃)နှစ် စီမံကိန်းဖော်ဆောင်ထားရှိပြီး ယခုချိန်တွင် (၅၀၀)ဧက ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
တောင်သူများအနေဖြင့် ဆောင်းသီးနှံနေကြာ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစု ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် စပ်မျိုးနေကြာ မျိုးကောင်း မျိုးသန့်များကို ပေးအပ်ခြင်း၊ ဆောင်းနေကြာ စိုက်ပျိုးခြင်းအားဖြင့် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ဆစ်ပိုးစသည့် ပိုးမွှားအန္တရာယ်များကို ကာကွယ်နှိမ်းနင်းတားဆီးထားပြီးဖြစ်ကြောင်း၊ လယ်မြေများတွင် ရာသီအလိုက်သီးနှံများကို စိုက်ပျိုးခြင်းအားဖြင့်စိုက်ပျိုးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နေကြာသီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် သန့်ရှင်းသည့် စားသုံးဆီများကို ဒေသခံပြည်သူများ သုံးစွဲရမည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ကပြောသည်။
မုဒုံမြို့နယ်တွင် ဆောင်းသီးနှံနေကြာများကို ဒီဇင်ဘာလမှစတင်၍ စိုက်ပျိုးလျက်ရှိပြီးစီမံကိန်း ပထမနှစ်တွင် (၁၅၀၀)ဧက လျာထားကာ ပြည့်မီအောင် သက်ဆိုင်ရာတာဝန်ရှိများနှင့် တောင်သူများက ပူးပေါင်း၍ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)