ဒေါပုံ ဒီဇင်ဘာ ၁၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်ဗီဇမျိုးကွဲများ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဌာနတွင် ပြည်သူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံဖူးသူများကိုပါ Pfizer Omicron XBB 1.5 ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါ ကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် Omicron ဆေးများထက် ပိုမို၍ကောင်းမွန်ပြီး အသွင်ပြောင်း ကိုဗစ် - ၁၉ ရောဂါ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကယ်ဆေးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)